Interview ဆိုတာ CV ထဲမှာ ရေးထားတာတွေကို ကိုယ်တိုင် သက်သေပြရတဲ့ အခွင့်အရေးပါ။ ရာထူး၊ လုပ်ငန်း မတူပေမဲ့ အလုပ်ရှင်အများစု မေးလေ့ရှိတဲ့ မေးခွန်းတွေက ဆင်တူပါတယ်။ ကြိုပြင်ဆင်ထားရင် စိတ်လှုပ်ရှားမှု လျော့ပြီး ယုံကြည်မှုရှိရှိ ဖြေနိုင်ပါတယ်။
ဒီ post မှာ မေးခွန်းတစ်ခုချင်းစီကို ဘာကြောင့် မေးတာလဲ၊ ဘယ်လို ဖြေရမလဲ ဆိုတာ ရှင်းပြထားပါတယ်။
၁။ "ကိုယ့်အကြောင်း ပြောပြပါဦး"
ဘာကြောင့်မေးလဲ — သင် ဘယ်လို ပြောဆိုဆက်ဆံလဲ၊ ဒီရာထူးနဲ့ ဘယ်လောက် သက်ဆိုင်လဲ သိချင်လို့ပါ။
- မိသားစုအကြောင်း၊ ကိုယ်ရေးကိုယ်တာ အသေးစိတ်တွေ မလိုပါ။ အလုပ်နဲ့ ဆိုင်တာပဲ ပြောပါ။
- အခု → အရင် → နောက် ပုံစံနဲ့ ၁ မိနစ်မှ ၂ မိနစ်အတွင်း ပြောပါ။ လက်ရှိ ဘာလုပ်နေလဲ၊ အရင်က ဘာအတွေ့အကြုံ ရခဲ့လဲ၊ ဒီရာထူးကို ဘာကြောင့် စိတ်ဝင်စားလဲ။
၂။ "ဘာကြောင့် ဒီရာထူး / ဒီကုမ္ပဏီကို လျှောက်တာလဲ"
ဘာကြောင့်မေးလဲ — အလုပ်တိုင်း လျှောက်နေတာလား၊ ဒီအလုပ်ကို တကယ် စိတ်ဝင်စားတာလား သိချင်လို့ပါ။
- Interview မသွားခင် ကုမ္ပဏီရဲ့ လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုကို လေ့လာသွားပါ။
- ကိုယ့်ရဲ့ skill နဲ့ ဒီရာထူးရဲ့ Job Description ဘယ်နေရာမှာ ကိုက်ညီလဲ ချိတ်ဆက်ပြီး ပြောပါ။
- "လစာ ကောင်းလို့ပါ" လို့ပဲ ဖြေတာမျိုး ရှောင်ပါ။
၃။ "သင့်ရဲ့ အားသာချက်တွေက ဘာလဲ"
- ရာထူးနဲ့ သက်ဆိုင်တဲ့ အားသာချက် ၂ ခု ၃ ခုကိုပဲ ရွေးပါ။
- အားသာချက် တစ်ခုစီအတွက် တကယ်ဖြစ်ခဲ့တဲ့ ဥပမာ တစ်ခုစီ ပြောပါ။ ဥပမာ — "Excel ကျွမ်းကျင်ပါတယ်" ထက် "လစဉ် report ကို Excel formula နဲ့ auto လုပ်ပြီး ၂ ရက်ကနေ ၂ နာရီအထိ လျှော့ချခဲ့ပါတယ်" လို့ ပြောတာက ပိုထိရောက်ပါတယ်။
၄။ "သင့်ရဲ့ အားနည်းချက်က ဘာလဲ"
ဘာကြောင့်မေးလဲ — ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်လား၊ တိုးတက်အောင် ကြိုးစားနေလား သိချင်လို့ပါ။
- "အားနည်းချက် မရှိပါဘူး" လို့ မဖြေပါနဲ့။
- ရာထူးအတွက် အဓိကမကျတဲ့ အားနည်းချက် အစစ်တစ်ခုကို ပြောပြီး ပြင်ဖို့ ဘာလုပ်နေလဲ ဆက်ပြောပါ။ ဥပမာ — "လူများရှေ့ presentation လုပ်ရတာ စိုးရိမ်တတ်လို့ team meeting တွေမှာ စပြီး လေ့ကျင့်နေပါတယ်"။
၅။ "အလုပ်ဟောင်းက ဘာကြောင့် ထွက်တာလဲ / ထွက်ချင်တာလဲ"
- အလုပ်ရှင်ဟောင်း၊ အထက်လူကြီးကို အပြစ်မပြောပါနဲ့။
- ရှေ့ကို မျှော်ပြီး ပြောပါ — ပိုကြီးတဲ့ တာဝန်၊ skill အသစ် သင်ယူချင်တာ၊ career ပြောင်းလဲချင်တာ၊ နေရာ အဆင်ပြေမှု စသည်ဖြင့်။
၆။ "အလုပ်မလုပ်ဘဲ နေခဲ့တဲ့ကာလ (Gap) ရှိတယ်နော်"
- ရိုးရိုးသားသား ရှင်းပြပါ။ ဘာမှ ဖုံးကွယ်ဖို့ မလိုပါ။
- အဲဒီကာလအတွင်း သင်တန်း တက်ခဲ့တာ၊ မိသားစုလုပ်ငန်း ကူခဲ့တာ၊ ကိုယ်တိုင် လေ့လာခဲ့တာ ရှိရင် ထည့်ပြောပါ။
၇။ "အခက်အခဲ ကြုံခဲ့ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေ ပြောပြပါ"
STAR ပုံစံနဲ့ ဖြေရင် ရှင်းလင်းပါတယ် —
- Situation — ဘယ်လို အခြေအနေလဲ
- Task — သင့်တာဝန်က ဘာလဲ
- Action — သင် ဘာလုပ်ခဲ့လဲ
- Result — ရလဒ် ဘာဖြစ်ခဲ့လဲ (ကိန်းဂဏန်းနဲ့ ပြနိုင်ရင် ပိုကောင်း)
၈။ "နောက် ၅ နှစ်မှာ ကိုယ့်ကိုယ်ကို ဘယ်လို မြင်လဲ"
- ဒီကုမ္ပဏီနဲ့ ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ကြီးထွားချင်တဲ့ ရည်မှန်းချက်ကို ပြောပါ။
- "ကိုယ်ပိုင် business ထောင်မယ်" လို ချက်ချင်း ထွက်သွားမယ့် ပုံစံမျိုး ရှောင်ပါ။
၉။ "Expected Salary ဘယ်လောက်လဲ"
- Interview မသွားခင် ဒီရာထူးအတွက် ပေါက်ဈေး လစာကို လေ့လာထားပါ။
- ကိန်းဂဏန်းတစ်ခုတည်းထက် range နဲ့ ပြောပါ။ ဥပမာ — "၈ သိန်းမှ ၉ သိန်းကြား မျှော်မှန်းပါတယ်၊ ဒါပေမဲ့ benefit တွေပေါ်မူတည်ပြီး ညှိနှိုင်းလို့ ရပါတယ်"။
- Ferry၊ lunch၊ bonus၊ training စတဲ့ benefit တွေကိုပါ ထည့်တွက်ပါ။
၁၀။ "ကျွန်တော်တို့ကို မေးစရာ ရှိသေးလား"
"မရှိပါဘူး" လို့ မဖြေပါနဲ့။ စိတ်ဝင်စားမှု ပြနိုင်တဲ့ နောက်ဆုံး အခွင့်အရေးပါ။ မေးလို့ရတဲ့ မေးခွန်းတွေက —
- ပထမ ၃ လအတွင်း ဒီရာထူးကနေ ဘာတွေ မျှော်လင့်ထားလဲ။
- Team က ဘယ်နှယောက် ရှိလဲ၊ ဘယ်သူ့ကို report လုပ်ရမလဲ။
- Training ဒါမှမဟုတ် ရာထူးတိုးနိုင်တဲ့ လမ်းကြောင်း ရှိလား။
Interview နေ့အတွက် အမြန် Checklist
- ချိန်းထားတဲ့အချိန်ထက် ၁၀ မိနစ်မှ ၁၅ မိနစ် စောရောက်ပါ။ လမ်းကြောင်းကို တစ်ရက်ကြို စစ်ထားပါ။
- CV မိတ္တူနဲ့ ဘွဲ့၊ သင်တန်း လက်မှတ် မိတ္တူတွေ ယူသွားပါ။
- သန့်ရှင်းသပ်ရပ်တဲ့ office wear ဝတ်ပါ။
- Online interview ဆိုရင် internet၊ mic၊ camera ကို ကြိုစစ်ပြီး တိတ်ဆိတ်တဲ့နေရာကို ရွေးပါ။
- Interview ပြီးရင် ၂၄ နာရီအတွင်း ကျေးဇူးတင်ကြောင်း message တိုတိုလေး ပို့ပါ။
Ujob က ကူညီပေးနိုင်ပါတယ်
သင်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ujob.com.mm/jobs မှာ ရှာဖွေနိုင်ပါတယ်။ CV ပြင်ဆင်ဖို့၊ interview ပြင်ဆင်ဖို့ အကူအညီ လိုရင်လည်း Ujob ကို ဆက်သွယ်နိုင်ပါတယ်။
📞 09 949 221 468 / 469 | ✉️ ujob.com@gmail.com
အလုပ်လျှောက်ထားသူများထံမှ application fee လုံးဝ မယူပါ။